Sunday, 9 September 2018

စကား

❝ စကား ❞

❁ စကားများတာ မကောင်းဘူး
❁ စကားလုံးဝမပြောပဲနေတာလည်း
မကောင်းဘူး …။

စကားမများတာ အလွန်ကောင်းပါတယ်။
ဒါပေမယ့် စကားနည်းတာကျတော့
နည်းတိုင်းကောင်းတာမဟုတ်ပါဘူး။

မပြောသင့်တာကို မပြောပဲနေတာဟာ
ကောင်းပေမယ့်လို့… ပြောသင့်တာကို
မပြောပဲနေတာကတော့ မကောင်းပါဘူး။

ဆိတ်ဆိတ်နေတိုင်း
ထောင်တန်တာမဟုတ်ဘူး
ပြောသင့်ရင်တော့ ပြောရမှာပါ။

မြတ်စွာဘုရားလက်ထက်က
ကောသလ္လတိုင်း ရွာတစ်ရွာမှာ
ဝါဆိုကြတဲ့ ရဟန်းတော်တစ်စုဟာ
ဝါတွင်း၃လပတ်လုံး တစ်ဦးနဲ့တစ်ဦး
လုံးဝစကားမပြောပဲ နေထိုင်ခဲ့ကြတယ်။

ဝါကျွတ်လို့ မြတ်စွာဘုရားက-
"သင်တို့ဟာ ချမ်းသာစွာနေခဲ့ကြသလား"
လို့ မေးတော့…

"ဝါတွင်း၃လပတ်လုံး တစ်ဦးနဲ့တစ်ဦး
လုံးဝစကားမပြောပဲ ချမ်းသာစွာ
နေခဲ့ကြပါတယ်ဘုရား" လို့
လျှောက်ထားကြတယ် …။

အဲဒီအခါမှာ မြတ်စွာဘုရားက-

"သင်တို့ဟာ ရန်သူတွေလို
နွားတွေလို ဆိတ်တွေလို
နေခဲ့ကြတာကိုပဲ…
ချမ်းသာစွာနေခဲ့ကြတယ်လို့
ဆိုကြသေးတယ် …"

"ဘာဖြစ်လို့ သင်တို့ဟာ
တိတ္ထိတွေလို လူအတွေလို
စကားမပြောတဲ့အကျင့်ကို
ဆောက်တည်ကျတာလဲ" လို့
ဆုံးမတော်မူပြီး …

စကားမပြောသောအကျင့်ကို
ဆောက်တည်အံ့
ဆောက်တည်အပ်သောရဟန်းအား
ဒုက္ကဋ်အာပတ်သင့်စေ" လို့
ပညတ်တော်မူခဲ့ပါတယ် …။

ဒါကြောင့် စကားဆိုတာ
အကျိုးရှိမရှိ ကောင်းမကောင်း စသဖြင့်
ဆင်ခြင်ပြီး ပြောသင့်ရင် ပြောရမှာပါ။

ပြောတဲ့အခါမှာလည်း
သတိကြီးစွာထားပြီးပြောရပါမယ်။
လက်လွတ်စပယ်မပြောရပါဘူး။
ပြောတတ်ဖို့လိုပါတယ် …။

စကားပြောတဲ့အခါ မပြောတတ်ရင်
ကောင်းကျိုးထက် ဆိုးကျိုးဘက်ကို
ရောက်သွားဖို့ ပိုများတယ်။

ပြောတဲ့စကားက
တစ်ခွန်းတည်းပင်ဖြစ်စေကာမူ
ကြားလိုက်ရတဲ့လူရင်ထဲမှာ
နှလုံးစိတ်ဝမ်းအေးချမ်းပြီးတော့
ပူနေတဲ့ရင်ထဲမှာ အေးသွားမယ်
လောင်နေတာတွေ
ငြိမ်းသွားမယ်ဆိုရင်တော့
အဲ့လိုစကားမျိုးဆိုရင်…
မှန်ကန်ပြီး တစ်ခွန်းတည်းပင်ဖြစ်စေ
မြတ်ပေ၏ တဲ့ …။

ဒါကြောင့်…

မှန်ကန်ပြီး အကျိုးရှိတဲ့စကားကို
အချိန်အခါကြည့်ပြီးတော့
မေတ္တာတရားနဲ့ နူးညံ့သိမ်မွေ့စွာ
ပြောတတ်ရမယ် …။

မှန်လည်းမမှန်
အကျိုးလည်းမရှိဘူးဆိုရင်တော့
မပြောတာ အကောင်းဆုံးပါ။

ဒါကြောင့်…

သိတိုင်းလည်း မပြောပါနဲ့။
မြင်တိုင်းလည်း မပြောပါနဲ့။
ကြားတိုင်းလည်း မပြောပါနဲ့။
နိုင်တိုင်းလည်း မပြောပါနဲ့။

ပုဂ္ဂိုလ်ကို ကြည့်ပြောပါ။
အချိန်ကာလကို ကြည့်ပြောပါ။
ဒေါသနဲ့ မပြောပါနဲ့။
မာန်မာနတွေနဲ့ မပြောပါနဲ့။

ဒီတော့ စကားတွေကို
သတိထားပြီး ပြောကြပါ။
လုံးဝမပြောပဲနဲ့လည်း မနေပါနဲ့။

#အရှင်ဥတ္တမ(သစ္စာရွှေစည်ဆရာတော်)

#Credit  #Aung Aung
#22August2018WLP📚📚📚📚📚

No comments:

Post a Comment

ဆေးလိပ်

ဆေးလိပ် လူတွေမှာ အမြဲတမ်း လိုလို ဆန့်ကျင်ဘက် ၂ခု ကို လွန်ဆွဲဘို့ ဖြစ်တတ်ပါတယ်။ အချိုနဲ့မတည့်ဘူး မစားသင့်ပေမဲ့ အချိုကို နည်းနည်းလေး ဖြစ်ဖြစ...